ဇန်နဝါရီလ (၁၇)ရက်။
ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။
“ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့ စစ်ကြောင်းထိုးတာ၊ အဲ့ဒီစစ်ကြောင်းထိုးတဲ့အချိန်မှာပဲ လက်နက်ကြီးတွေ ပစ်ခတ်ဝင်လာလို့ ရွာက အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ရွာကို အဲ့ဒီကုမ္ပဏီထဲက စစ်တပ်စစ်ကြာင်းဟာ အင်အား (၁၀၀)ခန့်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဝင်ရောက်ခဲ့ကာ အသက်(၄၀)အရွယ် အရပ်သားတဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ လက်နက်ကြီးထိမှန်ပြီး သေဆုံးတဲ့သူက အသက်(၄၀)အရွယ် ယန်စီဝန်ထမ်း Lock control လုံခြုံရေးဌာနက၊ ရွေးကောက်ပွဲရော စက်ရုံလည်ပတ်နေတဲ့ အကြောင်းအရာတွေကြောင့် အခုလို စစ်ရေးခြေနေ ဖြစ်သွားတာ။ ပြီးတော့ PDF ကလဲ ကုမ္ပဏီဝန်းကျင်ကို လက်နက်ကြီးထုတော့ စကမတွေက မဆီမဆိုင် ဘေးရွာတွေက ပြည်သူတွေကို လက်နက်ကြီးထုပြီး သတ်ဖြတ်သွားတာ” လို့ သူက ဆက်ပြောပါတယ်။
အခုလို စစ်တပ်ရဲ့ စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရွာထဲရှိ ပြည်သူ (၁၀၀၀)ကျော်ဟာ အရေးပေါ်စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် အရေးပေါ်စစ်ဘေးရှောင်တွေဟာ အခုအချိန်အထိ ရှိနေသေးပြီး လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကွန်ရက်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








