ဇန်နဝါရီလ (၁၉)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်ကျော်အချိန်က ဒီပဲယင်းနယ်အနောက်တောင်ခြမ်းရှိ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ ဒီပဲယင်းအနောက်တောင်ခြမ်း စိုင်ပြင်မြို့ကို တံတားဦးလေတပ်ကနေ A-5 Bomber ဂျက်ဖိုက်တာ(၁)စီးနဲ့ လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်သွားတာ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စိုင်ပြင်မြို့က တိုက်ပွဲဖြစ်တာမရှိဘူး” လို့ People’s Defense Comrade(အမေ့သား)က ဆိုပါတယ်။
စိုင်ပြင်မြို့ကို စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ A-5 Bomber ဂျက်ဖိုက်တာ (၁)စီးနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ (၃)ကြိမ် အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁)ဦး ပွဲချင်းပြီးသေဆုံးကာ (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်အခြေအနေမှာ ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ပြည်သူပိုင် အဆောက်အအုံအချို့နဲ့ ဆိုင်ကယ်အချို့လဲ မီးလောင်ပျက်စီးခဲ့ကာ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာကြောင့် ကြီးလေးတဲ့ စစ်ရာဇဝတ်မှုလို့ PDC က ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီပဲယင်းမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ လေကြောင်းသတိအမြဲရှိပြီး လေကြောင်းသတင်းရပါက ဘေးလွတ်ရာနေရာတွေမှာ ဂရုစိုက်နေဖို့ မြို့နယ်ပအဖက သတိပေးနှိုးဆော်ထားတယ်လို့ သိရပါတယ်။










