ဖေဖော်ဝါရီလ (၂၀)ရက်။
နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး နယ်မြေနဲ့အာဏာ ချဲ့ထွင်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။
အဲ့ဒါကြောင့် ချင်းပြည်အပါအဝင် ဒေသတွေမှာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာတွေသာမက ပြည်သူပိုင်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးပြီး ပြည်သူတွေ ဆင်းရဲဒုက္ခ ကြုံတွေ့နေရတယ်လို့ ဆိုထားပါသေးတယ်။
နောက်ပြီး ပျက်စီးဆုံးရှုံးတာတွေဟာ နိုင်ငံရဲ့ အရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံတွေဖြစ်ပြီး မူလအခြေအနေ ပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူ တည်ဆောက်ရမယ်လို့ နိုင်ငံတဝန်းကို ဗုံးကြဲဖျက်ဆီးနေတဲ မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် NCA ပါ သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်နေပြီး ထာဝရငြိမ်းချမ်းဖို့အတွက် အမြဲကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








