ဇန်နဝါရီလ (၂၁)ရက်။
ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကနဲ့ ဖျော်ဖြေတယ်ဆိုပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်ရှိ နိုဗိုတယ်ဟိုတယ်မှာ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ “ Cloud Seven Production & Entertainment” ရဲ့ CEO ကိုဇွဲခန့်အောင်ဆိုသူရဲ့ မွေးနေ့ပွဲနဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာရှင်တွေ မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီပွဲမှာ သဉ္ဇာဝင့်ကျော်ဦးဆောင်တဲ့ အကအဖွဲ့ဟာ ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အမြက်မတင့်တယ်တဲ့ အဝတ်အစားဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့အကတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ ညစ်ညမ်းအကတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ အဖွဲ့ကို စစ်ကော်မရှင်ရဲ့ ကမာရွတ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄(က)/၁၁၄နဲ့ အမှုဖွင့်ထားတယ်လို့ ရေးသားထားပါတယ်။
စစ်ကော်မရှင်စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အများပြည်သူဆိုင်နေရာမှာ ညစ်ညမ်းတဲ့ ပြစ်မှုတခုခု ပြုလုပ်တာနဲ့ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီတာတို့ဖြစ်ပြီး ထောင်(၃)လ ဒါမှမဟုတ် ငွေဒဏ်ချမှတ်နိုင်တာပါ။
သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လပိုင်းထဲမှာ ညစ်ညမ်းဓါတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေတာတို့ကြောင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့ ထောင် (၅)နှစ် ချမှတ်ခံခဲ့ရပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် လွတ်လပ်ရေးနေ့မှာ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီး အခုတကြိမ်မှာ ထပ်မံဖမ်းဆီးခံရဖို့ရှိနေကာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








