ဇန်နဝါရီလ (၂၂)ရက်။
အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု ပေါ်ပေါက်ဖို့နဲ့ တန်းတူညီမျှတဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော် အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ယူလေးစားစွာ အလေးပြုတယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလထဲ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ် စစ်ဆင်ရေးတွေကြောင့် အသက်ခန္ဓာနဲ့ အိုးအိမ်ဆုံးရှုံးပြီး နေရပ်စွန့်ခွာခဲ့ကြတဲ့ ပြည်သူတရပ်လုံးနဲ့ ထပ်တူရပ်တည်ခံစားရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက်ကနေ ဒီကနေ့ နွေဦးတော်လှန်ရေးကာလအထိ စစ်အစိုးရရဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် သွေးခွဲ အုပ်ချုပ် ဖိနှိပ်တာတွေနဲ့ ကျူလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုလဲ CDF-Asho က ကန့်ကွက်ရှုတ်ချထားပါတယ်။
အခု (၃)နှစ်တာ တော်လှန်ရေးခရီးမှာ ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးဝန်းရံတာတွေကြောင့် စစ်ဆင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဖော်ဆောင်နိုင်တဲ့အပေါ် လေးစားဂုဏ်ယူတယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။








