ဇန်နဝါရီလ (၂၂)ရက်။
ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊ ဖိအားပေးတဲ့ပုံစံ ရေးသားပြောဆိုတာတွေ မလုပ်ဖို့ ဆိုထားပါတယ်။
နောက်ပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ ရေးသားပြောဆိုတာနဲ့ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်တာတွေ မလုပ်ဖို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလူမျိုးအမည်မှာ မပါဝင်တဲ့၊ တိုင်းရင်းသားအနေနဲ့ မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး အမုန်းစကားတွေ မပြုလုပ်ကြဖို့ဆိုပြီးလဲ သတိပေးထားပါသေးတယ်။
အခုအခါ ICJ မှာ ဖြေရှင်းနေတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင်အဖွဲ့ကို လူမှုကွန်ရက်ပေါ်မှာ စစ်တပ်လော်ဘီတွေနဲ့ နောက်လိုက်တွေက ထောက်ခံအားပေးတာတွေ ရေးသားနေတဲ့အပေါ် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ရေးသားတဲ့အခါမှာ နိုင်ငံတကာဥပဒေတွေနဲ့အညီ သက်သေအထောက်အထားခိုင်လုံစွာနဲ့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းနေတယ်ဆိုတာကိုသာ ပြောဆိုကြဖို့ ညွှန်ကြားထားပါတယ်။
ICJ မှာ တရားရင်ဆိုင်နေချိန် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်ရဲ့ မဟာမိတ်ဖြစ်တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်တာတွေ ဆက်လုပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ပံ့ထားတဲ့ မဘသအမည်ခံ အမျိုးသားရေးအစွန်းရောက်တွေကလဲ လာမယ့်ရက်သတ္တပတ်ထဲ မြို့ကြီးတွေမှာ ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။








