“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို
မတ်လ (၂၄)ရက်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုးနယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့ အဖွဲဝင် (၅၆)ဦး တက်ရောက်ကာ လူထုရဲ့ ပူးပေါင်းပါဝင်တာကို အရှိန်မြှင့်ပြီး စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို အစီအစဉ်တွေ ဆွေးနွေးခဲ့တယ်လို ဆိုပါတယ်။
ညီလာခံကနေ သဘောထားထုတ်ပြန်တာမှာ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုတွေနဲ့အတူ နွေဦးတော်လှန်ရေး အောင်မြင်မှုတွေကို ပုံဖော်ထုစစ်နိုင်ဖို အခြားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းမယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး ညီလာခံထဲ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးဆိုတာကို အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ဒေသထဲလိုအပ်ချက်အရ တခြားမိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းကာ စစ်ကိုင်းဒေသတော်လှန်ရေးအပါအဝင် တော်လှန်ရေးတစ်စုံလုံးအတွက် ကောင်းမွန်တဲ့အရွေ့တွေ ဖြစ်ပေါ်နိုင်စေဖို “ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” (Political Platform) ပေါ်ပေါက်နိုင်ဖို ဆက်လက်ကြိုးပမ်းသွားမယ်လို ပြောဆိုထားပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုဟာ အဓိကအကျဆုံး အခန်းကဏ္ဍမှာ တည်ရှိနေပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်ရာမှာ လူထုလှုပ်ရှားမှုလမ်းစဉ်အတိုင်း အရှိန်အဟုန်မြှင့် ပါဝင်ကြဖို ထည့်သွင်းတိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုအနေနဲ့လဲ လူထုအကျိုးနဲ့ တော်လှန်ရေးအကျိုးကို အစဥ်အမြဲ ရှေးရှုကာ လိုအပ်ချက်၊ အားနည်းချက်တွေကို ဒုတိယအကြိမ်ညီလာခံမှာ သုံးသပ်ပြင်ဆင်ပြီး ကျန်နေသေးတဲ့ တော်လှန်ရေးကာလတွေမှာ လူထုကို ဗဟိုပြုပြီး မဖောက်မပြန် ဆက်လက်တိုက်ပွဲသွားမယ်လို အသိပေးထားချက်အရ သိရပါတယ်။









