မတ်လ (၂၄)ရက်။
မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။ ပြည်သူ့နေအိမ်တွေ မီးလောင်တာနဲ့ အထိအခိုက်တွေလဲရှိတယ်” လို ဆိုပါတယ်။
သောင်ကြီးရွာကို စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၁)စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အရပ်သားသေဆုံးသူဦးရေ (၆)ဦးအထိရှိခဲ့ပြီး ကိုယ်လက်အင်္ဂါပြတ်တောက်သူ (၅)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၂၁)ဦးရှိကာ နေအိမ် (၄၁)လုံး ပျက်စီးခဲ့တယ်လို ကနဦးသိရပါတယ်။
သေဆုံးသူတွေထဲ ကလေးငယ်တဦးအပြင် အသက် (၄၀)အရွယ်ကနေ (၅၀)ကြားရှိ အမျိုးသမီးနဲ့ အမျိုးသားတွေလဲ ပါဝင်ကာ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ မခွဲခြားနိုင်သေးဘူးလို ပြောဆိုထားပါတယ်။
သောင်ကြီးရွာဟာ မြောင်မြိုနယ်ရဲ့ အနောက်ဘက်မှာတည်ရှိပြီး အိမ်ခြေ (၅၀၀)နီးပါးရှိကာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၀)ရက်နေ့ကလဲ မြောင်မြိုရှိ နဘတ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးငယ်အပါအဝင် (၃)ဦးသေဆုံးခဲ့ပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြောင်မြိုနယ်ထဲရှိ ကျေးရွာတွေက်ု နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို သိရပါတယ်။












