ဖေဖော်ဝါရီလ (၂၆)ရက်။
အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့ အားတက်သရော ပါဝင်ဆန္ဒမဲပေးခဲ့ပြီး ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲလို့ ဆိုပါတယ်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကန့်ကွက်တာတွေ မရှိဘူးဆိုကာ ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ရွေးကောက်ပွဲကာလမှာ နိုင်ငံအနှံ့က ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုသူတွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၄၀၀)ဦးထက်မနည်း ရှိခဲ့ပါတယ်။
နောက်ပြီး ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် မကြာမီကာလထဲ လွှတ်တော်ကျင်းပမယ့်အခြေအနေနဲ့ အစိုးရတွေ ဘယ်လိုပဲပြောင်းလဲပါစေ စစ်တပ်ကတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် မတ်လထဲ လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပဖို့ ပြင်ဆင်နေသလို ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းသွားမယ်လို့ ကြေညာထားပါတယ်။
အခုအခါမှာတော့ အဲ့ဒီသမ္မတရာထူးကို မင်းအောင်လှိုင်က တာဝန်ယူဖို့ရှိနေပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို မဲအများဆုံး အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီက တာဝန်ယူဖို့ရှိတယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။








