ဇန်နဝါရီလ (၂၇)ရက်။
ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး NUCC နဲ့ NUG တို့ (၄)နာရီကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခု ပေါ်ပေါက်စေဖို့နဲ့ အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုဆွေးနွေးခဲ့ရာမှာ ကောင်းမွန်တဲ့ သဘောတူညီမှု များစွာ ရရှိခဲ့တယ်လို့လဲ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ရေးသားထားပါတယ်။
အစည်းအဝေးထဲ NUCC မှာပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေနဲ့အတူ ကျန်အစုအဖွဲ့တွေက ကောင်စီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အစည်းအဝေးကို NUG ရဲ့ Political Coordination Commission(PCC)မှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာပါ။
အခုအခါ NUCC မှာ CRPH က ပူးပေါင်းပါဝင်တာကို ယာယီရပ်ဆိုင်းထားပြီး NLD နဲ့ KPICT တို့က နုတ်ထွက်ထားသလို KNU နဲ့ KNPP ကလဲ ယာယီနုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။








