မတ်လ (၂၇)ရက်။
ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ ဖက်ဆစ်ဝါဒထက်တောင် ပိုမိုဆိုးရွား ယုတ်ညံ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ၁၉၄၅ခုနှစ်က ဖက်ဆစ်တော်လှန်ရေးရဲ့ သမိုင်းပေးတာဝန်ကို ဆက်လက် ပခုံးပြောင်းယူထားတဲ့ ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖက်ဆစ်တော်လှန်ရေးသမိုင်းကို အလွဲသုံးစားပြုကာ ပြည်သူကို ကျွန်ပြုဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှန်တဲ့ ပြည်သူ့တပ်မတော်ရဲ့ ဂုဏ်ဒြပ်ကို ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီအတွက် ပြည်သူ့ရင်ခွင်ကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကသာ ဖက်ဆစ်စနစ်ကို အမှန်တစ်ကယ် တော်လှန်နေတဲ့ ပြည်သူ့တပ်မတော်တွေဖြစ်ပြီး အနာဂတ်မှာ ပေါ်ထွန်းလာမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်ရဲ့ အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ဖယ်ရှားရုံနဲ့မပြီးဘဲ ဖက်ဆစ်အာဏာရှင်စနစ် ပြန်လည်အသက်မသွင်းနိုင်တဲ့ စနစ်သစ်ကို တည်ဆောက်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
CRPH အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ စံနှုန်းတွေနဲ့အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီကို မဟာမိတ်အင်အားစုအားလုံးနဲ့အတူ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှု၊ လေးစားမှု၊ ခိုင်မာတဲ့ ညီညွတ်မှုတို့နဲ့ ရှေ့ဆက်ချီတက်သွားမယ်လို့ အသိပေးထားပါတယ်။
သဝဏ်လွှာထဲ ဖက်ဆစ်တော်လှန်ရေးခရီးလမ်းမှာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ကိုလဲ ဦးညွှတ်အလေးပြုတယ်လို့ ပြောဆိုထားပါတယ်။
CRPH အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ကို အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။









