ဇန်နဝါရီလ (၂၈)ရက်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့ ခုခံတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲ့ဒီလို တည်ဆောက်နိုင်ဖို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ရေးကာလ၊ အသွင်ကူးပြောင်းရေးကာလကနေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အကောင်အထည်ဖော်ဆောင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
KNPP ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်သက်တမ်း ပထမဆုံးအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ဇန်နဝါရီလ (၁၉)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ဆိုတရှားမြို့နယ် တလဲဒူဆိုမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ပါတီဗဟိုဌာနချုပ်ရဲ့ (၄)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနဲ့ ကရင်နီပြည်အစိုးရအဖွဲ့ရဲ့ (၄)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အခြေခံမူလမ်းစဉ်နဲ့ ဖွဲ့စည်းပုံဥပဒေအပြင် ကရင်နီပြည်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ နည်းဥပဒေတို့ကို တင်သွင်းအတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီတဲ့ အမြဲတမ်းပါတီဗဟိုကော်မတီဝင် (၄)ဦးကို ပါတီကွန်ကရက်ကနေ အတည်ပြုခဲ့သလို ပါတီဥက္ကဋ္ဌ (၁)ဦး၊ ဗဟိုကော်မတီဝင် (၁၅)ဦးနဲ့ အရံဗဟိုကော်မတီဝင် (၁၂)ဦးကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရွေးချယ်တင်မြှောက်ခံရတဲ့ ဗဟိုကော်မတီဝင်တွေထဲ လူငယ်နဲ့ အမျိုးသမီးတွေ ပိုမိုပါဝင်လာပြီး ဗဟိုကော်မတီဝင် (၃၀)ဦးမှာ (၈)ဦးက အမျိုးသမီးတွေဖြစ်ကာ (၅)ဦးက (၃၅)နှစ်အောက် လူငယ်တွေလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








