ဇန်နဝါရီလ (၂၈)ရက်။
အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ တဦးထဲသဘောအတိုင်း သွားလာနေထိုင်တာလို့ ဆိုပါတယ်။
အဲ့ဒါကြောင့် သူ့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့သလို သတ်မှတ်ရက်ထဲ တပ်ဦးဌာနချုပ်ကို သတင်းပို့ဖို့ ဆင့်ခေါ်ခဲ့ပေမယ့် လိုက်နာတာမရှိတဲ့အပြင် စေလွှတ်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုပါ မချေမငံပြောဆိုပြီး ငြင်းပယ်ဖီဆန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တပ်ဦးကိုယ်စားလှယ်ရဲဘော်တွေရဲ့ စစ်ဆေးတင်ပြတာတွေနဲ့ ရဲဘော်ညိုအောင်ဟာ ညွှန်ကြားချက်ကို မနာခံတာ၊ တပ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေတာတို့ကို ကျူးလွန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီအတွက် ရဲဘော်ညိုအောင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တပ်ဖွဲ့ဝင်အဖြစ်ကနေ ရှုတ်ချထုတ်ပယ်တာလို့ PRF က ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် ရဲဘော်ညိုအောင်အနေနဲ့ အခုလို ရှုတ်ချထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး အငြင်းပွား စောဒကတက်လိုရင် အနီးဆုံး ဗဟိုကော်မတီစုံညီအစည်းအဝေးနဲ့ တပ်ဦးရဲ့ ပြည်လုံးကျွတ်ညီလာခံ(ကွန်ကရက်)တို့မှာ ဆက်လက်အယူခံဝင်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။








