ဇန်နဝါရီလ (၃၀)ရက်။
မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မော်လူးဒေသ လေဘိုရွာကို ည(၉)နာရီလောက် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာ။ အဲ့ဒီဗုံး (၂)လုံးစလုံး ရွာထဲကို ကျတာ။ သေဆုံးတာက မိသားစုလိုက်ပဲ” လို့ ဆိုပါတယ်။
မော်လူးဒေသ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာဖြစ်ပြီး ဗုံး (၂)လုံးစလုံး ရွာထဲ ကျရောက်ခဲ့ကာ သေဆုံးသူ (၈)ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် သေဆုံးသူတွေဟာ ကလေးငယ် (၂)ဦးပါဝင်ပြီး အဲ့ဒီထဲက (၇)ဦးဟာ မိသားစုဝင်တွေဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုအခါ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို ဆက်လက်ဖော်ပြသွားမယ်လို့ IR က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်က မော်လူးဒေသထဲ ဗုံးကြဲခဲ့တဲ့အချိန်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။









