ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ
မတ်လ (၃၀)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကို ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရာထူးလွဲပြောင်းတာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရဲဝင်းဦးကို တပ်ချုပ်အဆောင်အယောင်နဲ့ ရွှေဓါးလွှဲအပ်ပေးတာကို တွေ့ရပါတယ်။
တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးဟာ ဗိုလ်သင်တန်း OTS အပတ်စဉ် (၇၇)ဆင်းဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ လူယုံတဦးဖြစ်ပါတယ်။
နောက်ပြီး ဒုတပ်ချုပ်အနေနဲ့ တာဝန်ယူထားတဲ့ စိုးဝင်းရဲ့ နေရာအတွက် ကျော်စွာလင်းကို ခန့်အပ်ခဲ့ကာ သူဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် (၃၈)ဆင်းဖြစ်ပါတယ်။
ဒီလို ဒုတပ်ချုပ်ရာထူးကနေ အနားပေးခံရတဲ့ စိုးဝင်းကတော့ ဘယ်နေရာကို ရောက်လဲဆိုတာ မသိရဘဲ မင်းအောင်လှိုင်ကတော့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတအနေနဲ့ ပြိုင်ဘက်မရှိ ရွေးချယ်ခံရတယ်လို့ သိရပါတယ်။












