မတ်လ (၃၀)ရက်။
မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံးနဲ့ (၃)ကြိမ် ရော့ကတ်နဲ့ (၂)ကြိမ် လာတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်ဟာ ကြောင်ချောင်းရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းကနေ ဗုံး (၃)ကြိမ်အပြင် ရော့ကတ်နဲ့ (၂)ကြိမ် တိုက်ခိုက်သွားတာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ (၁၆)နှစ်အောက် ကလေး (၄)ဦးအပါအဝင် အရပ်သား (၇)ဦး သေဆုံးခဲ့သလို ကလေး (၂)ဦးအပါအဝင် (၄)ဦး ဒဏ်ရာရခဲ့ကာ နေအိမ်တွေလဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ဟာ AA နဲ့ ရင်ဆိုင်တိုက်ပွဲတွေထဲ အကျအဆုံး အထိအခိုက်များစွာနဲ့ ရင်ဆိုင်ရချိန်တွေမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အထဲ သေဆုံး၊ ဒဏ်ရာရတဲ့ ရွာသူရွာသားတွေအတွက် လူသားစာနာမှုဆိုင်ရာကိစ္စတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။









