ဇန်နဝါရီလ (၃၁)ရက်။
တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျနော်တို့ အလုပ်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဖြူစင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ပြည်သူနဲ့ လူငယ်တွေကို လမ်းမှားကို ဘယ်တော့မှ ပို့မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။
နောက်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လုံးဝ ခွင့်လွှတ်နိုင်မှာမဟုတ်ဘဲ နိုင်ငံ၊ တော်လှန်ရေး၊ လူငယ်တွေနဲ့ ပြည်သူကို လမ်းမှား ဘယ်တော့မှ မရောက်စေရဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။
NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားကို အုပ်ချုပ်ရေးတနေရာမှာ ဇန်နဝါရီလ (၂၅)ရက်က ပြုလုပ်ခဲ့တာပါ။
အဲ့ဒီအခမ်းအနားမှာ ဘိန်းဖြူ (၆၅၄၅)ခွက်၊ WY စိတ်ကြွဆေးပြား ၄၆၇၂၀၀၀ပြား စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁)သိန်းခန့်ကို မီးရြှိုဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲ ဘိန်းဖြူတွေဟာ ABSDF က ဖမ်းဆီးပြီး NUG ထံ အပ်နှံခဲ့တာဖြစ်သလို WY စိတ်ကြွရူးသွပ်ဆေးပြားတွေက PDF တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာပါ။
ဒါ့အပြင် မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ အသိပေးထားချက်အရ သိရပါတယ်။










