ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာတဲ့အတွက် ရန်ကုန်အတွင်းဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်တယ်လို့ ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်တွေကဆိုပါတယ်။
ရန်ကုန်အတွင်းဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်တဲ့ ရေလမ်းကြောင်းသစ် Kings Bank Channel အား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို အစဉ်တစိုက် အလေးထားဆောင်ရွက်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာတဲ့အတွက် ရန်ကုန်အတွင်းဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်း တံတားများသို့ အရင်လက်ခံနိုင်ခဲ့တဲ့ သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားတဲ့ သင်္ဘောကြီးတွေကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၂ ရက်နေ့ မနက် ၉နာရီခွဲမှာ Asia World Port Terminal ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အခြေစိုက် SITC Shipping Line မှ LOA ၁၈၅.၉၉ မီတာ၊ Beam ၃၅.၂၅ မီတာ၊ GRT ၂၉,၂၃၂ တန်နှင့် ကုန်သေတ္တာ ၂,၆၉၈ TEU တင်ဆောင်နိုင်တဲ့ MV SITC Zhaoming ကုန်သေတ္တာသင်္ဘောကြီးတွေဟာ ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်ခဲ့သည်။
အဲဒီသင်္ဘောကြီးဟာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့သမျှ ကုန်သေတ္တာသင်္ဘောတွေထဲမှာ စံချိန်တင် အကြီးဆုံးသင်္ဘောဖြစ်တယ်လို့ဆိုပါတယ်။