NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အဖွဲ့ကို အရှေ့တီမောနိုင်ငံ သို့ လာရောက်ခဲ့ခြင်းနှင့် တီမောနိုင်ငံ အစိုးရသစ်တက်ပွဲကို တက်ရောက်ခဲ့ခြင်းတို့အပေါ် ရန်ကုန်ရှိ တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ ဆင့်ခေါ်ပြီး စစ်ကောင်စီက ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။
တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Avelino Fernandes Ximenes Pereiraကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက တွေ့ဆုံခဲ့ပြီး NUG နှင့်ဆက်ဆံသည့် အပေါ် ကန့်ကွက်ကြောင်း၊ နောင်တွင် ယင်းသို့တွေ့ဆုံခြင်းမပြုရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များကို ဖောက်ဖျက်ရာရောက်ကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ (၅) ရက် ဒီကနေ့ ညပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်ဖြစ်လာတော့မည့် အင်ဒိုနီးရှားခွဲထွက် အရှေ့တီမော (ခေါ် )တီမောလက်စ်တေနိုင်ငံ၏ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇူလိုင် (၁) ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို တက်ရောက်ပြီးနောက်မှာ တီမောလက်စ်တေနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် အရှေ့တီမောနိုင်ငံသမ္မတကိုဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားလက်ဆောင်ပေးအပ်ခဲ့ပါသေးတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် နဲ့ အဖွဲ့ဟာ အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဇူလိုင်(၄)ရက်မှလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
Era’sEye