မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်မှု အနိုင်ရရှိခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက် သိရပါတယ်။
မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြတာကို စက်တင်ဘာလ (၈)ရက်နေ့ကစပြီး ပြုလုပ်ခဲ့ကာ အချက် (၄) ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက် (၄) ချက်ကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောသဘောတူခဲ့ကြရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
တောင်းဆိုချက် (၄) ချက်ဟာ ခွင့်ပြုထားတဲ့ အကျဉ်းသားတစ်ဦးလျှင် စာအုပ် (၃) အုပ်စီ သိမ်းဆည်းသွားတာကို ပြန်ပေးရန်၊ ပုံစံ (၃) စုံစီ ခွင့်ပြုထားတာကို သိမ်းဆည်းတာ၊ စာ (၁၀) စောင်၊ ပုံ (၁၀) ပုံ ခွင့်ပြုထားတာကို သိမ်းဆည်းသွားတဲ့ စာတွေ၊ ပုံတွေကို ပြန်ပေးရန်နဲ့ သိမ်းဆည်းသွားသော စားအိုးစားခွက်တွေ၊ အစားအသောက်နဲ့ဟင်းတွေ ပြန်ပေးရန်တို့ ဖြစ်ပါတယ်။
“ တိုက်ပွဲအောင်ပန်းဝင်” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ ပြည်သူတွေနဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမှန်တရားဘက်က ရပ်တည်ပြီး မတရားမှုကို ခုခံတွန်းလှန်တဲ့ ရဲဘော်တွေကို လေးစားကြောင်း ဖော်ပြထားပါတယ်။
ဒါ့ပြင် အနိုင်မခံ အရှုံးမပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တော်လှန်တဲ့ စိတ်ဓါတ်ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။