ဇွန်လ (၁၈)ရက်။
ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က ဗုံး (၂)လုံး လာကြဲသွားတာ။ နေအိမ်ပျက်စီးတာတွေနဲ့ လူထိခိုက်တာတွေရှိတယ်” လို ဆိုပါတယ်။
ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံး (၂)လုံး ကြဲချခဲ့ရာ နေအိမ်အချို ထိမှန်ပျက်စီးခဲ့သလို အရပ်သားအချို ထိခိုက်ဒဏ်ရာရခဲ့တယ်လို သိရပါတယ်။
ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းဟာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းထားတာဖြစ်ပြီး သက်ဆိုင်ရာတပ်ဖွဲတွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မွန်ပြည်သစ်ပါတီဟာ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး တိုက်ပွဲဖြစ်ပွားတာမရှိသလို NCA ရဲ့ အသီးအပွင့်အနေနဲ့ နိပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးခဲ့ကာ ဒေသခံတွေ အခြေချနေထိုင်နေတာပါ။
ဒါ့အပြင် ရေးချောင်းဒေသကို စစ်တပ်က ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခဲ့ကာ အခုအခါမှာတော့ တတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ မေလ (၂၇)ရက်နေ့ကလဲ ရေးချောင်းဖျားဒေသကို ပထမဆုံးအကြိမ် ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ရေးဘီလူးအဖွဲဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့ရတယ်လို သတင်းထုတ်ပြန်တာတွေအရ သိရပါတယ်။











