၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုလ်ရဲဘက်စခန်း(၂)ကို သိမ်းပိုက်မိချိန် ထွက်ပြေးပြီး ပုန်းနေတဲ့ စစ်ကောင်စီတပ်သားလေးဦးကို သေနတ်နှစ်လက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၃ရက် နံနက် ၃ နာရီခွဲခန့်က ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးက အကျဉ်းစခန်း အမှတ် (၁) နဲ့အမှတ်(၂)တို့ကို အထူးလှုပ်ရှားတပ်ရင်း(၂)က ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့ကြတာပါ။
ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ စစ်သုံ့ပန်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် နေ့လယ် ၁၂ နာရီ ၄၆ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။