ဒီဇင်ဘာလ (၁၈) ရက်။
ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေထဲက စစ်ကောင်စီအခိုင်အမာတပ်စွဲထားတဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး)စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy-FFD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထီးထ/ဖဲထာ(မို့လို့ကျိုး)စခန်းဟာ စစ်ကောင်စီတပ်က နှစ်ပေါင်း (၃၀)ခန့် အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားတဲ့ စခန်းကြီးဖြစ်ကာ အဲ့ဒီစခန်းကို KNLA နဲ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက မနေ့က နေ့လယ် (၁)နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ထီးထစခန်းဟာ စစ်ကောင်စီတပ်အင်အား (၁၂၀)ခန့်နဲ့ ကွန်ကရစ် ကတုတ်ကျင်းကြီး/ငယ် (၃၀)ခန့်နဲ့ အခိုင်အမာတပ်စွဲထားပြီး ခြေကုပ်ရယူထားတဲ့ စခန်းဖြစ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး (၂)ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ လာချပေးတာ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အကြိမ်ကြိမ် ပြုလုပ်နေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ FFD က ပြောဆိုထားပါတယ်။
FFD တပ်ဖွဲ့တွေက ထီးထစခန်းအနီးမှာ ယာယီစခန်းတစ်ခုထားပြီး ရက်ပေါင်း (၂၀)နီးပါး နေ့စဉ်တိုက်ခိုက်နေခဲ့ကာ စစ်ကောင်စီရဲ့ စိတ်ဓါတ်နဲ့ ခံစစ်ဖွဲ့စည်းပုံကို ဖွဲမီးသဏ္ဍာန် တိုက်စစ်နဲ့ တမြေ့မြေ့ခြွေချတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းဝေဟင်ကို စိုးမိုးပြီး ဖိနှိပ်ထားတာနဲ့ Missile တွေနဲ့ အဝေးက ခြိမ်းခြောက်တာကို ရက်ပေါင်း အတော်အကြာ တိုက်ခိုက်ပြီးနောက် မြေပြင်က ချေမှုန်းရေးတပ်တွေနဲ့ စစ်ကောင်စီရဲ့ ပွိုင့်(၉၃၉)” မဆုတ်တမ်း” ခံစစ်စခန်းလို့ခေါ်တဲ့ ဖဲထာစခန်းကို အပြီးသတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ သိမ်းပိုက်ရရှိခဲ့တဲ့ ထီးထ/ဖဲထာ(မို့လို့ကျိုး)စခန်းပုံကို ထုတ်ပြန်ထားပြီး တိုက်ပွဲအတွင်း အသက်၊ ခန္ဓာ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်အားလုံးကို အလေးပြုဦးညွှတ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။