၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။
ယဉ်ကျေးမှုအမွေအနှစ်နေရာ တိုက်ခိုက်တာက စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ပြင်းထန်စွာရှုံချကြောင်း NUG အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ထဲက ရှေးခတ်ရခိုင်ဘုရင်အဆက်ဆက်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ ကျောက်စာတိုင်တွေ၊ ယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္တုတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးယဉ်ကျေးမှုဇုန်ဟာ UNESCO World Heritage Convention အရ အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေအနေနဲ့ အဆိုပြုတင်ပြထားတဲ့နေရာဖြစ်ပြီး ပြတိုက်ဟာလည်း ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားတဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို တန်ဖိုးမဖြတ်နိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အမွေအနှစ်တွေကို စစ်ရေးပစ်မှတ်ထားပြီး ဖျက်ဆီးတာက ရှေးခေတ်မိစ္ဆာတွေ တိုင်းတပါးကို ကျူးကျော်သိမ်းပိုက်တဲ့အခါတိုင်း ဆောင်ရွက်လေ့ရှိတဲ့ Archives ဖျက်ဆီးတဲ့ လမ်းစဉ်ကို ပြုလုပ်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
The Hauge Convention ပါအချက်အလက်ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာကို တိုက်ခိုက်တာက မြန်မာနိုင်ငံရဲ့ တည်ဆဲရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၉(က)ကို ကျူးလွန်တာဖြစ်တဲ့အတွက် နိုင်ငံတကာတရားရုံး၊ ပြည်တွင်းတရားရုံးတွေက အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။