၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်၊ ခေတ်မျတ်လုံး။
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာစခန်းကုန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNDF-ဖယ်ခုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စခန်း (၂)ခုကို ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာလ (၂၃)ရက်၊ (၂၄)ရက်နဲ့ (၂၅)ရက်နေ့တွေမှာ အသီးသီး သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပူးပေါင်းမဟာမိတ်အင်အားစုတွေက ဖယ်ခုံမြို့ အဝင်နဲ့အထွက်ကို ထိန်းချုပ်ထားကြီးဖြစ်တာကြောင့် အခုကာလထဲ ပြည်သူတွေ မြို့အတွင်း ဝင်ထွက်သွားလာတာ မပြုကြသေးဖို့ မေတ္တာရပ်ခံထားပါတယ်။
အရပ်သားတွေ ထိခိုက်နစ်နာမှုမရှိစေဖို့အတွက် မိုးဗြဲ-ဖယ်ခုံ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ နေအိမ်တွေကို ပြန်လည်နေထိုင်တာမပြုသေးဖို့ တောင်းဆိုထားပါတယ်။
ဖယ်ခုံမြို့က စစ်ကောင်စီတပ်စခန်း (၂)ခု သိမ်းပိုက်ရရှိခဲ့တာနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာကို KNDF-ဖယ်ခုံရဲ့ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားချက်အရ သိရပါတယ်။