၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်၊ ခေတ်မျက်လုံး။
တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ဖို့ မြန်မာက အမြဲကြိုးပမ်း၊ ရပ်တည်မယ်လို့ NUG ရဲ့ မနေ့က သဘောထားထုတ်ပြန်ထားချက်အရ သိရပါတယ်။
သမိုင်းကြောင်းအရ အလွန်ခိုင်မာပြီး နီးကပ်တဲ့ဆက်နွယ်မှု အစဉ်အလာတွေရှိတာသာမက တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တာကြောင့် မြန်မာအတွက် အထူးအရေးပါတဲ့နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမယ့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် မြန်မာအနေနဲ့ နှစ်နိုင်ငံအကြား “ ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။
တရုတ် တစ်နိုင်ငံထဲ မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမှာဖြစ်ပြီး နှစ်နိုင်ငံကြား ပြည်သူနဲ့ပြည်သူ ဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် တရုတ်ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းသိမ်းကာကွယ်မှာဖြစ်ပြီး စစ်အာဏာမသိမ်းခင်က နှစ်နိုင်ငံ သဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအားလုံးကို မြန်မာက တာဝန်ယူဆက်ခံမယ်လို့ NUG က ပြောဆိုထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစား၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။