ဇန်နဝါရီလ (၉)ရက်။
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တာတွေမှာ ပါဝင်သူတွေကို ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ကနန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်(၉)ဦးအပါအဝင် (၁၇)ဦးသေဆုံးကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာလအထိ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်တာတွေကြောင့် အသက်(၁၈)နှစ်အောက် ကလေးသူငယ်(၆၂၇)ဦး၊ အမျိုးသမီး (၁၀၁၇)ဦးသေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းအသုံးပြုပြီး ရပ်ရွာတွေကို တိုက်ခိုက်တဲ့အကြိမ် (၅၈၃)ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇)ဦး၊ ဘာသာရေးအဆောက်အဦပေါင်း (၇၆)ခုနဲ့ စာသင်ကျောင်းပေါင်း (၅၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာအားလုံးမှာ ပိုမိုရှုံးနိမ့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေအသုံးပြုပြီး ပိုမိုသတ်ဖြတ်လာတာကို သက်သေအထောက်အထား အများအပြားရရှိထားတယ်လို့ NUG က ပြောဆိုထားပါတယ်။
ဒါဟာ အာဆီယံ ဘုံသဘောတူညီချက်(၅)ချက်၊ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာအရေးဆုံးဖြတ်ချက် (၂၆၆၉)တို့ကို လေးစားလိုက်နာတာမရှိဘဲ နိုင်ငံတကာသဘောတူစာချုပ်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရာဇဝတ်မှုကျူးလွန်တာတွေအတွက် အကြမ်းဖက်စစ်တပ်အနေနဲ့ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာအပါအဝင် ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်း တရားစွဲဆို အရေးယူနိုင်ဖို့ ကြိုးပမ်းတာတွေမှာ ပါဝင်အားထုတ်လုပ်ဆောင်ဖို့ NUG က တောင်းဆိုထားတယ်လို့ သိရပါတယ်။