ဇန်နဝါရီလ (၁၆)ရက်။
ဒီကနေ့ နေ့လယ် (၁၂)နာရီဝန်းကျင်က ကွတ်ခိုင်မြို့၊ နမ့်ဖက်ကာကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
“ ဂျက်ဖိုက်တာတစ်စီး ပစ်ချတာမှန်ပါတယ်။ နေ့လယ် (၁၂)နာရီဝန်းကျင်လောက်မှာပါ။ မြေပြင်အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ KIA တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
အခုလို နမ့်ဖက်ကာကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်တစ်စီး ပစ်ချခံရတာကို KIA ဘက်က အတည်ပြုထားပြီး ပစ်ချခဲ့တဲ့ လက်နက်အမျိုးအစားနဲ့ အသေးစိတ်ကိုတော့ မသိရှိရသေးပါ။
ဇန်နဝါရီလ (၃)ရက်နေ့ကလည်း ဝိုင်းမော်မြို့၊ ကန်တော်ယန်ကျေးရွာအနီး နာဖော့တောင်ဘက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ကာ ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့က နမ့်ဖက်ကာကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းဖြစ်တဲ့ ခလရ (၁၂၃) ကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။