မေလ (၁၃)ရက်။
မေလ (၁၁)ရက်နေ့က နေ့လယ်(၂)နာရီဝန်းကျင်ခန့်က ဒီပဲယင်းမြို့ရှိ မန်ကျည်းအုပ်ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံက သိရပါတယ်။
“ ဒီပဲယင်းမြို့၊ မန်ကျည်းအုပ်ကျေးရွာက ထန်းတစ်ပင်-မန်ကျည်းအုပ် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၂)ဦးနဲ့ ရဲဘော် (၄)ဦး ထိခိုက်ကျဆုံးခဲ့ရပြီး (၂၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဖွဲ့က ကနဦးဖော်ပြခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ အရပ်သားပြည်သူ (၂)ဦးဟာ အသက်(၆၉)နှစ်အရွယ် ဦးအုန်းသန်းနဲ့ (၂၈)နှစ်အရွယ် ကိုစံလင်းတို့ဖြစ်ပြီး ရဲဘော်ဥက္ကာဗိုလ်(၁၉)နှစ်၊ ရဲဘော်ကြယ်စင်(၁၈)နှစ်၊ ရဲဘော်ဘန့်ဘွေး(၂၅)နှစ်နဲ့ ရဲဘော်ငဒေါင်(၂၁)နှစ်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ထိခိုက်ဒဏ်ရာရသူတွေထဲ ခြေထောက်ပြတ်ထွက်ဒဏ်ရာရသူ (၂)ဦးနဲ့ လက်ပြတ်သွားသူ(၃)ဦးရှိကာ (၇)ဦးဟာ စိုးရိမ်ရအခြေအနေရှိခဲ့တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က ပြောဆိုထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်တာတွေကို အကူအညီပေးနေတဲ့ ကိုသက်အောင် (၃၇)နှစ်ဟာ ထပ်မံကျဆုံးခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန်ကျည်းအုပ်ကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။