မေလ (၂၈) ရက်။
မေလ (၂၆) ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံဒေသကို ရောက်ရှိနေတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ် ပုဂံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို သွားရောက်ခဲ့ပြီး ပုဂံဒေသရှိ ဘုရားစေတီပုထိုးတွေကို ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာမှာ ကျန်ရှိနေတဲ့ မြန်မာ့ဗိသုကာအမွေအနှစ်တွေအလိုက် မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရွှေစည်းခုံစေတီ၊ ထီးလိုမင်းလိုဘုရားကြီးကိုလည်း သွားရောက်ခဲ့ပြီး စေတီတော်ရဲ့ ရင်ပြင်မှာ ခင်းကျင်းထားတဲ့ ကျောက်ပြားတွေကို ရေတင်ကျန်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်မှုတွေအတွက် မှာကြားသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာလည်း ရန်ကုန်တိုင်း မရမ်းကုန်းမြိုနယ်က အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို အုတ်မြစ်ချပေးခဲ့ပါတယ်။ ခန်းမဆောင်အလယ်ဗဟိုချက်တည့်တည့်မှာ ပတ္တမြားရတနာ အုတ်မြစ်တော်ကို စစ်ခေါင်းဆောင်က ဦးဆောင်ပြီး ချပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတင်းမာနေပြီး စစ်မျက်နှာပြင်အနှံ့ဖွင့်ထားရတဲ့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း တပ်စခန်းတွေနဲ့ တပ်သားတွေ အများအပြား လက်လွှတ်ဆုံးရှုးနေရတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဘုရားတွေလှည့်ပတ်ဖူးနေပြီး ယတြာတွေ ချေနေတယ်လို့ စစ်ခေါင်းဆောင်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။