ဇွန်လ (၄)ရက်။
အခုအခြေအနေဟာ စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်တာနဲ့ ပြစ်တင်ရှုံ့ချတာတွေလောက်နဲ့ လုံလောက်တဲ့ကိစ္စမဟုတ်တော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဒီကနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုချက်အရ သိရပါတယ်။
အခုအခြေနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး ပြည်သူတွေကို အလုံးအရင်း သတ်ဖြတ်နေတဲ့ကိစ္စဟာ အင်မတန် ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့အချိန်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလဲ မြန်မာပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်ခံကြဖို့ တိုက်တွန်းထားပါတယ်။
NUG အနေနဲ့လဲ ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားတာတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေတဲ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စုပေါင်းပါဝင်မှုလဲ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လဲ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အမြန်လုပ်ဖို့ ယာယီသမ္မတက ထပ်မံတိုက်တွန်းထားပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာအရေး ဖြေရှင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေဟာ အခု တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကဖြစ်စေဖို့လဲ ထည့်သွင်းတိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။