ဇွန်လ (၁၀)ရက်။
ဇွန်လ (၂)ရက်နေ့ နံနက်(၉)နာရီအချိန်မှာ ကမ္မမြို့က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီရဲတပ်သားဟာ ကမ္မမြို့ရှိ ရေနံသဘာဝဓါတ်ငွေ့ဖြန့်ဖြူးရေးရုံးကဖြစ်ပြီး BA-93 (U Zi) ကျည်ဘောက်လေးဘောက် ကျည်ငါးဆယ် ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်-ပကဖထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဆုကြေးငွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အဲ့ဒီရဲတပ်သားကို ဘေးကင်းရာ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လဲ နီးစပ်ရာကနေ ပြည်သူ့ရင်ခွင်လှုံပြီး အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။