ဇွန်လ (၁၁)ရက်။
ဇွန်လ (၈)ရက် နေ့လယ်(၁၁)နာရီကျော်ခန့်က စစ်ကိုင်းမြို့၊ သပြေသာရွာမှာ ပသုံးလုံးအဖွဲ့တွေ အစည်းအဝေးပြုလုပ်ချိန် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပအဖ၊ ပကဖနဲ့ ပလဖအဖွဲ့တွေဟာ သပြေသာရွာရဲ့ ရွာထိပ်ဘုန်းကြီးကျောင်းစာ အစည်းအဝေးပြုလုပ်နေချိန် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား (၆)ဦးနဲ့ စုစုပေါင်း (၈)ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ တံတားဦးလေတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ ဆွမ်းစားကျောင်းဆောင်နဲ့ ဓမ္မာရုံတွေ ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပထမအကြိမ်အနေနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒီလိုတိုက်ခိုက်ခံရတဲ့အထဲ ရပ်ကျေးတာဝန်ခံတွေနဲ့ ရဲဘော်တွေလဲ ဒဏ်ရာရရှိခဲ့ကာ အရေအတွက်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။