ဇွန်လ (၁၁)ရက်။
NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား မဟာမိတ်အဆင့်အထိ တည်ဆောက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ နွေဦးတော်လှန်ရေးထဲက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ “ တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။
မဟာမိတ်စုဖွဲ့မှုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ကာ မဟာမိတ်စုဖွဲ့မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည်ဆောက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ နိုင်ငံရေးရဲ့ သဘော၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်၊ ဒါတွေဟာ မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေရှိထားတယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်” လို့ ယာယီသမ္မတက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အားလုံးအနေနဲ့ ဘုံသဘောတူညီချက်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ဖို့ဖြစ်ကာ လက်တွေ့ကျကျ ရယူနိုင်ဖို့လဲ အထူးလိုအပ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး ပန်းတိုင်ကို မြင်နေရပြီဖြစ်ပေမယ့် မရောက်သေးဘူးဆိုတာကို သတိချပ်ဖို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။