ဇွန်လ (၁၂)ရက်။
ဇွန်လ (၁၁)ရက်နေ့ နံနက်(၉)နာရီကျော်အချိန်တွေမှာ ပေါက်တောမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ (၄)ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ Y12 လေယာဉ်နဲ့ ပေါက်တောမြို့၊ မြို့ပေါ်ရပ်ကွက်(၁)၊ သဝင်ချောင်းရွာဘုန်းကြီးကျောင်းအနီးနဲ့ မနော်သီရိရွာနဲ့ လက်ပံပြားရွာတွေကို လေကြောင်းတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုဗုံးကြဲတာတွေကြောင့် Drop Bomb (၁၃)ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကာ အပြစ်မဲ့အရပ်သား အမျိုးသမီး (၆)ဦးနဲ့ အမျိုးသား (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ဒေသထဲ စစ်ရေးအထိနာနေပြီး ရှုံးမဲမဲနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ မောင်တော၊ အမ်း၊ သံတွဲ စတဲ့ မြို့နယ်တွေနဲ့ အနီးအနားရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဇွန်လ (၄)ရက်နေ့နဲ့ (၅)ရက်နေ့တို့ကလဲ သံတွဲမြို့၊ ဆင်ခေါင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ရှုံးစစ်ကောင်စီဟာ မြို့၊ ရပ်ရွာတွေ၊ ဆေးရုံဆေးခန်း၊ ဈေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်သားတွေ သွားလာလှုပ်ရှားတဲ့ နေရာတွေကို ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးတို့နဲ့ တနေ့ထက်တနေ့ ပိုမိုတိုက်ခိုက်လာတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။