ဇွန်လ (၁၃)ရက်။
စစ်ကောင်စီရဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဖို့ကြိုးပမ်းနေတာက ပြဿနာဖြစ်အောင် ဖော်ဆောင်နေတဲ့လုပ်ရပ်လို့ TNLA ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ TNLA အုပ်ချုပ်တဲ့ နမ့်ဆန်နဲ့ နမ္မတူမြို့တို့မှာ ကုန်စည်စီးဆင်းတာနဲ့ အများပြည်သူသွားလာတာကို ကန့်သတ်ပိတ်ပင်နေတယ်လို့ ဆိုပါတယ်။
သီပေါမြို့၊ မိုးတေရွာက သီပေါ-နမ္မတူ လမ်းမကို စစ်ကောင်စီက မြောင်းဖောက်ဖျက်ဆီးကာ ယာဉ်တွေသွားလာလို့မရစေဖို့ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တအာင်းပြည်ထဲက နောင်ချိုနဲ့ မိုးမိတ် စတဲ့မြို့နယ်တွေကို နေ့တိုင်း လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။
အခုလို လုပ်ဆောင်နေတာဟာ စစ်ကောင်စီက အပစ်ရပ်တဲ့ ဟိုင်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ပြဿနာဖြစ်အောင် လုပ်နေတာလို့ TNLA က ပြောဆိုထားပါတယ်။
ရှမ်းမြောက်ဒေသထဲ ညီနောင်မဟာမိတ်တပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်ကူညီမှုနဲ့ ဇန်နဝါရီလမှာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာပါ။
ဒီလိုအပစ်ရပ်ပြီးနောက် စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက TNLA တပ်စခန်းတွေရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် စစ်ရေးတင်းမာလာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။