ဇွန်လ (၂၅)ရက်။
မနေ့က ညနေပိုင်းမှာ မတူပီမြို့သိမ်းတိုက်ပွဲထဲ လာရောက်နှောင့်ယှက်ခဲ့တဲ့ CNF/CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခလရ(၁၄၀)တပ်ရင်းနဲ့ မတူပီဗျူဟာကုန်းကို သိမ်းယူနိုင်ဖို့အတွက် ကြိုးစားနေချိန် CNF/CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ချင်းညီနောင်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်တာတွေကြောင့် စစ်ဆင်ရေး နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလိုနှောင့်ယှက်ခဲ့တဲ့ CNF/CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို မောင်းထုတ်နိုင်ခဲ့ပြီး နဂိုမူလ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ မတူပီမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေတယ်လို့ ဖော်ပြထားပါတယ်။
ချင်းညီနောင်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၁၄၀)နဲ့ မတူပီဗျူဟာကုန်းရှိကာကင်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မတူပီမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ ရေးသားထားပါတယ်။
CNF/CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သူတို့စခန်းချတပ်စွဲထားတဲ့ ငလိုင်နဲ့ ဖနိုင်အကြား တောင်ကြောအနီးတဝိုက်မှာ မြေမြှုပ်မိုင်း အများအပြား မြှုပ်နှံထားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက အဲ့ဒီမြေမြှုပ်မိုင်းတွေကို မရှင်းလင်းခင်ကာလထဲ ပြည်သူတွေအနေနဲ့ အဲ့ဒီနေရာတွေကို ဖြတ်သန်းသွားတာမပြုဖို့ သတိပေးထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကိုလဲ ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ ချင်းညီနောင်က အသိပေးနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။