ဇွန်လ (၂၈)ရက်။
အခုပညာသင်နှစ်အတွက် ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို NUG ပညာရေးဝန်ကြီးဌာနက ထပ်မံခေါ်ယူထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၂၀၂၃ခုနှစ် အောက်တိုဘာလက ကြားကာလတက္ကသိုလ် (၁၆)ခုရဲ့ ပထမအကြိမ်ဝင်ခွင့်ကို ခေါ်ယူခဲ့ပြီး အခုအခါ တက္ကသိုလ်(၂၀)ခုတို့က ဘာသာရပ်နဲ့ ပညာရပ်နယ်ပယ် (၅၉)ခုအတွက် စုပေါင်းခေါ်ယူတာလို့ ဆိုပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူတဲ့နေ့မှာ အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး ၂၀၂၀ခုနှစ်နဲ့ အဲ့ဒီနှစ်မတိုင်ခင် အခြေခံပညာအထက်တန်း အောင်မြင်ထားသူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
IGCSE၊ GED နဲ့ SAT စတဲ့ နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ရရှိထားသူတွေနဲ့ NUG ရဲ့ အခြေခံပညာပြီးမြောက်တဲ့လက်မှတ် ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး နယ်စပ်ဒေသက ရွှေ့ပြောင်းမိသားစုဝင်တွေအတွက် ဆောင်ရွက်နေတဲ့ ပညာရေးအဖွဲ့အစည်းတွေက အထက်တန်းအဆင့်ပြီးမြောက်ထားသူတွေနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေလဲ လျှောက်ထားနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ကြားကာလတက္ကသိုလ်တွေရဲ့ ဝင်ခွင့်လမ်းညွှန်မှာ တက္ကသိုလ်ဝင်ခွင့် လက်ခံဆောင်ရွက်မယ့် တက္ကသိုလ် (၂၀)ခုတို့ရဲ့ ဝင်ခွင့်လက်ခံဖို့ သတ်မှတ်ချက်တွေနဲ့ စတင်ခေါ်ယူမယ့်အချိန်ကို အသေးစိတ်ဖော်ပြထားတယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီယန္တရားကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီတင်သွင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။