ဇွန်လ (၂၉)ရက်။
“ ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ဈေးရောင်းပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို နေအိမ်မီးရှို့ခံရသူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပိုးခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ရန်ပုံငွေဈေးရောင်းပွဲကို NUG လူသားစာနာ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဈေးရောင်းပွဲကနေရတဲ့ ရန်ပုံငွေ ကျပ်သိန်း (၅၀၀)ကို ပဲခူး၊ စစ်ကိုသ်း၊ မကွေးနဲ့ မန္တလေးတို့က နေအိမ်မီးရှို့ခံရတဲ့သူတွေနဲ့ စစ်ဘေးရှောင် (၇၁၃၄၇)ဦးတို့ကို စားနပ်ရိက္ခာနဲ့ မိုးကာစတွေကို သက်ဆိုင်ရာမြို့နယ် လူသားစာနာတာ၀န်ခံတွေကနေတဆင့် ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အရေးပေါ်ထောက်ပံ့တာတွေကို စစ်ဘေးရှောင်တွေဆီ ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့ကြသူတွေ၊ စေတနာ့၀န်ထမ်းတွေနဲ့ ရန်ပုံငွေအလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။
မေလထဲမှာ စစ်ဘေးရှောင် (၁၇၀၀၀၀)ကျော်အပါအ၀င် ကျဆုံးရဲဘော် (၂၃၈)ဦးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော် (၃၃၅)ဦးအပြင် CDM ၀န်ထမ်းတွေ၊ နိုင်/ကျဉ်းတွေနဲ့ သဘာ၀ဘေးဒဏ်ခံစားရသူတွေအတွက် လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၄၈၆.၇)သန်းကို ကူညီခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် မီးရှို့ခံရတဲ့ နေအိမ်တွေထဲကနေ လုံခြုံစိတ်ချရတဲ့နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် (၁၃၂)လုံးကို ယာယီတဲဆောက်လုပ်ပေးတာနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တာပေါ်လင် မိုးကာစ (၄၁၉)ခုကို ပံ့ပိုးပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
တော်လှန်ရေးကာလ (၃)နှစ်ကျော်ကာလထဲ တော်လှန်ရေးအောင်မြင်နိုင်ဖို့ကိုသာ ရှေးရှုပြီး အကြပ်အတည်းတွေကြားကနေ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူပြီး လက်တွဲဆောင်ရွက်သွားဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။