ဇူလိုင်လ (၂)ရက်။
ဒီကနေ့ နံနက်(၆)နာရီခွဲအချိန်ကစပြီး မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေဟာ (၄)လက်မခန့် ပြန်ကျနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ ဒီမနက် (၆)နာရီကျော်ကစပြီး မြစ်ရေပြန်ကျတာပါ၊ တစ်နာရီထဲကို မြစ်ရေက (၄)လက်မလောက် ပြန်ကျသွားတယ်။ ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်ထက် (၅)ပေလောက်ရောက်သွားတော့ တမြို့လုံး ရေလွှမ်းသွားရတာပါ” လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ဆိုပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေ မြင့်တက်ခဲ့ပြီး မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေအမှတ်ထက် (၅)ပေနီးပါး ကျော်လွန်သွားခဲ့ကာ မနေ့က ည(၉)နာရီခွဲအချိန်အထိ (၁၄၀၄)စင်တီမီတာကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။
ဧရာ၀တီမြစ်ရေ မြင့်တက်လာတဲ့အတွက် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ပန်ဝါနဲ့ ဖားကန့်တို့မှာ ရေကြီးတာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ရေဘေးသင့်ပြည်သူဦးရေ ထောင်နဲ့ချီရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မြစ်ကြီးနားမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးလေယာဉ်ပြေးလမ်း ရေ၀င်နေတာကြောင့် မြစ်ကြီးနားလေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားရတယ်လို့လဲ လက်မှတ်အရောင်းကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ဇူလိုင်လ (၁၀)ရက်နေ့အထိ ပုံမှန်ထက် မိုးကြီးနိုင်တာကြောင့် ကချင်အပါအ၀င် ဒေသအများစုမှာ ရေကြီးရေလျှံတဲ့အန္တရာယ်ကို သတိထားဖို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက ဒီကနေ့မှာ ထပ်မံသတိပေးထားပါတယ်။
မြစ်ကြီးနားမြို့ထဲ ရေကြီးနစ်မြုပ်တာတွေကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရေဘေးရှောင်စခန်း (၃၀)ခုအထိ ဖွင့်လှစ်ထားတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။