ဇူလိုင်လ (၈)ရက်။
ဒီကနေ့ နေ့လယ်(၁၂)နာရီလောက်ကစပြီး မတ္တရာမြို့ရှိ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ နေ့လယ် (၁၂)နာရီလောက်ကနေ (၁)နာရီလောက်အထိ ပစ်တာဆက်တိုက်ပဲ၊ လူနဲ့ ကျွဲ၊ နွား တိရစ္ဆာန်ထိခိုက်တာတော့ မရှိခဲ့ဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ရှိ ဘောလုံးကွင်းထဲကနေ မြို့မြောက်ဘက်ခြမ်းရှိ စကျင်ရွာဘက်ကို မစ်ဇိုင်းတွဲဒုံးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကာ ရွာထဲ တစ်လုံးကျရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ရွာအနောက်ဖျားနဲ့ ရွာအရှေ့ခြမ်းက နေအိမ်အနီးတို့ကိုလဲ ကျရောက်ခဲ့ကာ ထိခိုက်တာတွေမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ရှိ ဘောလုံးကွင်းထဲကနေ မြို့အနောက်ဘက်ခြမ်းရှိ ဥဒိန်ဘက်ကို ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ (၆)ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းတွေက ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီဘက်က ဟောင်ဝှစ်ဇာတွေအပါအ၀င် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ကျေးရွာနေပြည်သူတွေအနေနဲ့ ဂရုပြုနေထိုင်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။