ဇူလိုင်လ (၂၉)ရက်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဆောင်ရွက်ကြဖို့ RCSS ရဲ့ ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားချက်အရ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတာနဲ့ ဖြေရှင်းသွားကြဖို့ RCSS ရဲ့ (၆)လပတ်အစည်းအဝေး ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် (၃)နှစ်ကျော်ကာလထဲ တိုင်းပြည်အနှံ့ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားတာ၊ စီးပွားရေးကျဆင်းတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။
တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် နေရာဒေသအသီးသီးမှာ လူဆိုးသူခိုးဓါးပြတို့ များပြားလာတာကြောင့် ပြည်သူတွေအနေနဲ့ လူမှုဘ၀ဒုက္ခတွေနဲ့ အခက်အခဲတွေ ကြီးမားစွာ ကြုံတွေ့နေရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ရှမ်းပြည်လူထုအနေနဲ့ အိုးအိမ်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးရတာ၊ သေဆုံးဒဏ်ရာရတာနဲ့ စစ်ဘေးရှောင်ရတာတွေ ကြုံတွေ့ရပြီး အခက်အခဲကြုံတွေ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုထားပါတယ်။
RCSS အနေနဲ့ ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်ဆီးတာတွေ မဖြစ်စေဖို့ ကာကွယ်စောင့်ရှောက်သွားမယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
RCSS ရဲ့ (၆)လပတ်အစည်းအဝေးကို ဇူလိုင်လ (၂၆)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။