ဇူလိုင်လ (၃၁) ရက်။
ဒီကနေ့ နံနက် (၄)နာရီကစပြီး မောင်တောမြို့ရှိ မြို့သူကြီးအခြေစိုက် စစ်ကောင်စီရဲ့ နခခ(၅)တပ်ရင်းနဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် (၃)စီးနဲ့ ဗုံးကြဲနေပြီး ရေတပ်နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ AA တို့ရဲ့ တိုက်ပွဲမှာ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅)တပ်ရင်းအပါအ၀င် စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားတဲ့ ဒေသခံမွတ်ဆလင်တွေလဲ ပါ၀င်တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီရဲ့ နခခ(၅)တပ်ရင်းဟာ အကျအဆုံးတွေနဲ့ ဆုတ်ခွာနေရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။
ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့ နခခ (၅) တပ်ရင်းဟာ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိတဲ့စခန်းဖြစ်ကာ နခခ (၅) နဲ့ မြို့တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ AA က အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ စစ်ကောင်စီရဲ့ နခခ (၅) တပ်စခန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကံသာယာ(အလယ်ရွာ)ရှိ ဒေသခံနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။