ဇူလိုင်လ (၃၁)ရက်။
စစ်ရေးလှိုင်းတွေဟာ မန္တလေးအထိ ဆင်းလာနေပြီဖြစ်တဲ့အတွက် စဉ်းစားပြင်ဆင် လုပ်ဆောင်စရာတွေ ပိုများလာတဲ့ကာလလို့ NUG ပြည်ထောင်စု၀န်ကြီးချုပ် ဦးမန်း၀င်းခိုင်သန်းရဲ့ မနေ့ကအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။
” “ ငါတို့နိုင်မှ သူတို့လွတ်မြောက်မှာ” လို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့မှုတွေဟာ ဒီကနေ့ အရာထင်ခဲ့ပြီဖြစ်ပါတယ်။ ခုခံတော်လှန်စစ် စတင်ခဲ့ချိန်တုန်းက ဖြစ်နိုင်ပါ့မလားထင် ခဲ့ကြတဲ့ နိုင်ငံတကာကလဲ အခုဆိုရင် နိုင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား မယိမ်းယိုင်သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို ပိုမိုစိတ်ဝင်စားလာကြပြီဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ဆင်ရေးအခြေအနေတွေ၊ အနေအထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက် ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှသာ နယ်မြေစိုးမိုးမှုနဲ့အတူ အုပ်ချုပ်ရေးယန္တရားထူထောင်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
တစ်ဘက်က စစ်ရေးအခြေအနေတွေနဲ့ အုပ်ချုပ်ရေးထူထောင်တဲ့ကဏ္ဍတွေမှာ အားစိုက်စီမံဆောင်ရွက်ရင်း တစ်ဘက်က နိုင်ငံရေးအခြေအနေ အလှုပ်အခတ်တွေကို စောင့်ကြည့်ကြရမယ့်အချိန်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် အင်မတန်အရေးကြီးတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အရွေ့တွေကိုလဲ မျက်ခြေပြတ်လို့မဖြစ်သလို ရန်သူရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်မှုဟာလဲ အောင်ပွဲပြင်ဆင်မှု အတွက် မရှိမဖြစ် အရေးပါတဲ့အရာဖြစ်တယ်လို့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောဆိုထားပါတယ်။
၀န်ကြီးဌာနတွေအနေနဲ့ တော်လှန်ရေးအတွက် ဦးစားပေးလုပ်ငန်းစဥ်တွေကို ပိုမိုအားစိုက်အချိန်ပေးရမှာဖြစ်သလို ပြည်သူတွေအတွက် လိုအပ်ချက်အရ မဖြစ်မနေ အချိန်ပေး စီမံပေးရမယ့် လုပ်ငန်းတွေအတွက် အချိန်၊ လူ့စွမ်းအား၊ ဘဏ္ဍာအရင်းအမြစ်တွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။