ဩဂုတ်လ (၁)ရက်။
ဒီကနေ့ကစပြီး ဂန့်ဂေါမြို့နယ်တောင်ပိုင်းကနေ မောင်းနှင်နေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကို မြို့ထဲဖြတ်သန်းခွင့်ပြုသွားမယ်လို့ မြို့နယ်-ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဂန့်ဂေါမြို့ထဲကနေ ဖြတ်သန်းမောင်းနှင်တဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေအားလုံးကို စစ်ကောင်စီက မြောက်ပိုင်းကျေးရွာတွေကို ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်ပင်ခဲ့တဲ့အတွက် မြို့ထဲမောင်းနှင်ခွင့်ကို ဇူလိုင်လ (၁၁)ရက်မှာ စတင်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုပိတ်ပင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က ဇူလိုင်လ (၃၁)ရက်နေ့မှာ ဂန့်ဂေါမြို့ထဲကနေ ဂန့်ဂေါမြို့ရဲ့ မြောက်ပိုင်းကျေးရွာတွေကို ဖြတ်သန်းမောင်းနှင်ခွင့်နဲ့ ကုန်စည်စီးဆင်းတာတွေကို ပြန်လည်ခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဂန့်ဂေါမြို့နယ်တောင်ပိုင်းကနေ ဖြတ်သန်းမောင်းနှင်နေတဲ့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေအားလုံးကို ဂန့်ဂေါမြို့ထဲ ဖြတ်သန်း၀င်ရောက်ခွင့်ပြုသွားမယ်လို့ ကြိုတင်အသိပေးထားပါတယ်။
နောက်ပိုင်း စစ်ကောင်စီဘက်က အခုပုံစံမျိုး ပိတ်ပင်တာတွေရှိရင် ကုန်တင်ယာဉ်ကြီးတွေနဲ့ ခရီးသည်တင်ယာဉ်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဂိတ်စခန်းတည်ရှိတဲ့ နေရာတွေကို ကုန်စည်၊ ရိက္ခာနဲ့ လျှပ်စစ်မီး အားလုံးကို ဖြတ်တောက်သွားမယ်လို့ မြိုနယ်-ပကဖ(တောင်ပိုင်းတိုက်နယ်)ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။