ဩဂုတ်လ (၃)ရက်။
မနေ့က နံနက် (၉)နာရီ၀န်းကျင်မှာ မြစ်ကြီးနားမြို့ရှိ တယန်ဇွပ် စစ်ကောင်စီတပ်စခန်း (၃)ခုစလုံးကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းခုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ တယန်ဇွပ်က နံနက်ပိုင်း (၉)နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သူတို့တပ်ခွဲပြီးနေကြတဲ့ စခန်း (၃)ခုစလုံးကို သိမ်းလိုက်တာဖြစ်ပါတယ်” လို့ KIA တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
တယန်ဇွပ်မှာ စစ်ကောင်စီတပ်ဘက်က တပ်စခန်း (၃)နေရာခွဲပြီး တပ်ချထားတာကြောင့် အဲ့ဒီတပ်စခန်း (၃)နေရာစလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။
KIA နဲ့ AA အပါအ၀င် KPDF ပူးပေါင်းတပ်တွေက တယန်ဇွပ်ကျေးရွာနဲ့ အင်ဆွပ်ဇွပ်ကျေးရွာတို့က စစ်ကောင်စီတပ်စခန်းတွေကို ဩဂုတ်လ (၁)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကြတာပါ။
တယန်ဇွပ်ကျေးရွာဟာ မြစ်ကြီးနားမြို့နယ်-ဆွမ်ပရာဘွမ်သွားလမ်းမပေါ်မှာ တည်ရှိပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ KIA ဘက်က တရား၀င်ထုတ်ပြန်လာတာမရှိသေးပါ။
ဒါ့အပြင် မိုးမောက်မြို့အနီးက စစ်ကောင်စီရဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။