ဩဂုတ်လ (၃)ရက်။
ဩဂုတ်လ (၁)ရက်နေ့မှာ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်-ပကဖထံက သိရပါတယ်။
ချောင်းကြီးစခန်းကို စတင်တိုက်ခိုက်ချိန်ကစပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဆုတ်ချည် ခွာချည် တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
ချောင်းကြီးစခန်းကို မတိုက်ခိုက်သေးချိန် စစ်ကောင်စီစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ချဖို့ ဖုန်းဆက်ညှိနှိုင်းခဲ့ပေမယ့် စခန်းမှူးက ငြင်းဆန်ခဲ့ပြီး ဂုဏ်သိက္ခာရှိရှိသေမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ဒီလိုကြွေးကြော်ခဲ့တဲ့ စစ်ကောင်စီစခန်းမှူးဟာ ချောင်းကြီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဘူဒိုဇာနဲ့ထိုးပြီး တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ ပထမဦးဆုံးထွက်ပြေးသွားခဲ့သူဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ချောင်းကြီးစခန်းကို ဇွန်လ (၂၆)ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကာ တော်လှန်ရေးတပ်ဘက်ကလဲ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ချောင်းကြီးကျေးရွာက ဒေသခံတွေအားလုံး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့သလို နေအိမ်၊ စာသင်ကျောင်းနဲ့ ဆိုင်ခန်းတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။