ဩဂုတ်လ (၆)ရက်။
လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် ငြင်းပယ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅အရ လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ရဲ့ လျှောက်ထားချက်တွေကို သက်ဆိုင်ရာ၀န်ကြီးဌာနတွေက စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။
စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်တာမရှိတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာကို ငြင်းပယ်လိုက်တာဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ကျန်အဖွဲ့တွေကို စိစစ်နေတယ်လို့ ရေးသားထားပါတယ်။
နိုင်ငံရေးပါတီတည်ထောင်ခွင့် ငြင်းပယ်ခံရတဲ့ ပုဒ်မ ၆ဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ပြည်ထောင်စုမပြိုကွဲဖို့နဲ့ လူမျိုးရေးပဋိပက္ခဖြစ်စေမယ့် စည်းရုံးလှုံ့ဆော်တာတွေ မပြုဖို့ တားမြစ်ထားတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောဆိုထားပြီး တဖက်မှာလဲ စစ်ကောင်စီရွေး/ကော်က ပါတီတည်ထောင်ခွင့်ပြုတာတွေကို လုပ်ဆောင်နေတာလို့ သိရပါတယ်။