ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်သား (၇၀)ခန့်ပါတဲ့ စစ်ကား (၂)စီး မိုင်းဆွဲခံရ၊ စစ်သား (၁၁)ဦးသေဆုံးပြီး (၂၂)ဦးဒဏ်ရာရရှိခဲ့
ဩဂုတ်လ (၇)ရက်။
ဩဂုတ်လ (၄)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ(၁၀၁)ကထွက်လာတဲ့ စစ်ကား (၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်မ (၁၀၁)ကနေထွက်လာတဲ့ အင်အား (၇၀)ခန့်ပါ စစ်ကား (၂)စီးကို မြိုင်ပကဖအပါအ၀င် Black Cobra နဲ့ PKU Thurain အဖွဲ့တို့က ပူးပေါင်းကာ ကန်တော်ရွာအနီး ကားလမ်းမှာ မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား (၁၁)ဦးသေဆုံးခဲ့ကာ (၂၂)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကားတွေ မိုင်းဆွဲခံရတဲ့နေရာကို နယ်မြေရှင်းလင်းခဲ့ရာ ကာဘိုင်ကျည်အိမ် (၁)ခု၊ ကျည် (၁၆)တောင့်၊ MG1 လက်ပစ်ဗုံး (၂)လုံး၊ G3 ကျည် (၄)တောင့်၊ ၅.၅၆ကျည် (၇)တောင့်၊ အီကွတ်မန့် (၁)ခုနဲ့ ဂွရှင်တစ်ချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
မိုင်းဆွဲခံရပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရှိတဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။