ဩဂုတ်လ (၈)ရက်။
စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာပြီး အောင်ပွဲတွေ ရရှိလာပြီလို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၃၆)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။
စစ်အာဏာရှင်နဲ့ အပေါင်းအပါတသိုက်ဟာ ဒီကနေ့အထိ မရေမတွက်နိုင်တဲ့ စစ်ရာဇ၀တ်မှုတွေကို ပြုမူကျူးလွန်နေတာကို မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ သိရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရာဇ၀တ်မှုတွေကို တရားဥပဒေရှေ့မှောက်မှာ အရေးယူနိုင်ဖို့ NUG အနေနဲ့ တိုင်းရင်းသားမဟာမိတ်၊ ပြည်သူနဲ့အတူ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူထုတိုက်ပွဲတွေနဲ့ ထိုးစစ်ဆင် တိုက်ပွဲ၀င်နေတယ်လို့ ဖော်ပြပါတယ်။
ဒီမိုကရေစီအရေးနဲ့ အာဏာရှင်အဆက်ဆက် တိုက်ပွဲတွေထဲ အသက်ပေးလှူသွားကြတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းတွေရဲ့ ကျေးဇူးကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့တဲ့ မော်ကွန်းတင်လောက်တဲ့ လူထုအရေးတော်ပုံကြီး ဖြစ်တဲ့အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ ညီညွတ်ခြင်းပြယုဂ်တခု ဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
NUG အနေနဲ့ (၃၆)နှစ် ကြာလာတဲ့အထိ ရှင်သန်နေဆဲဖြစ်တဲ့ ရှစ်လေးလုံးစိတ်ဓါတ်ကို ကိုင်ဆွဲပြီး တိုင်းရင်းသား ညီနောင်မဟာမိတ်တွေအပါအ၀င် နိုင်ငံတဝှမ်းရှိ ပြည်သူတွေနဲ့ ပူးပေါင်းကာ မဝေးတော့တဲ့ အောင်ပွဲဆီကို ဆက်လက်တိုက်ပွဲ၀င်သွားမယ်လို့ ကတိပြုပြောဆိုထားချက်အရ သိရပါတယ်။